Posted on 29-10-2008
Filed Under (အတွေးစာစု) by ကေဂျွန်

ခရီးသည်တင်ကားက လမ်းမကြီးရဲ့ တစ်နေရာမှာ ထိုးရပ်လိုက်သည်။ ကားပေါ်က ဆင်းလိုက်ရင်း အဝါရောင်သမ်းစ ပြုနေပြီဖြစ်တဲ့ လယ်ကွင်းပြင်ကြီးကို ကြည့်လိုက်မိသည်။ သိပ်မကြာခင်မှာ စပါးတွေ ရိတ်သိမ်းကြတော့မှာပဲ။ ဟိုးအဝေးက သစ်ပင်စိမ်းစမ်းတွေနဲ့ ရွာတန်းတစ်ခုကို မျှော်ကြည့်ရင်းက ဒီရွာလေးကို မရောက်ဖြစ်တာ ဆယ်စုနှစ်တစ်စုကျော် ကြာခဲ့ပြီပဲလို့ မှတ်မိလိုက်သည်။ ရွာနဲ့ ကားလမ်းက (၄)မိုင်လောက် ဝေးတယ်ဆိုတာ ဒီရွာမှာနေတဲ့ သူငယ်ချင်းပြောထားတာ သတိရမိပြန်သည်။ ဟိုအရင် နှစ်တွေတုန်းကတော့ ရွာကိုသွားတဲ့လမ်း(တာလမ်းဟုခေါ်ကြသည်)က မြေသားလမ်းပဲဖြစ်ခဲ့သည်။ ကားလမ်းဘေးကို ဆင်းလိုက်ပြီး  တာလမ်းရဲ့ထိပ်မှာတော့ ခရီးသွားတွေ နားနေနိုင်ဖို့ ဇရပ်လေးတစ်ခု ရှိခဲ့ပြီး အခုထိလည်း ထိုဇရပ်လေးကတော့ ရှိနေတုန်းပါပဲ။ ပြောင်းလဲသွားတာက ဒီဇရပ်လေးမှာ ဆိုင်ကယ်ကယ်ရီခေါ် အခကြေးငွေယူပြီး အနီးအနားက ရွာတွေ၊ လယ်ကွင်းတွေဆီကို လိုက်ပို့ပေးတဲ့ ဆိုင်ကယ်တွေနဲ့ ဆိုင်ကယ်သမားတွေကို တော်တော်များများ တွေ့ရတာပဲဖြစ်သည်။ ခရီးသည်တင်ကားတစ်စီး ရပ်လိုက်တာနဲ့ သူ့ထက်ငါ အလုအယက် လာမေးကြပါသည်။ ဆိုင်ကယ် ကယ်ရီတစ်စီးငှားပြီး သူငယ်ချင်းနေတဲ့ ရွာလေးဆီကို ထွက်ခဲ့သည်။

အရင်က မြေသားလမ်းကနေ အခုတော့ မြေနီလမ်းဖြစ်နေတဲ့ တာလမ်းမပေါ်မှာ အရှိန်ပြင်းပြင်း မောင်းနေတဲ့ ဆိုင်ကယ်နောက်က ထိုင်လိုက်ရင်း တာလမ်းဘေး ဝဲယာတလျောက် ကြည့်မိပါပြန်ပါသည်။ အရင်က ဒီရွာကလေးကိုသွားဖို့ လမ်းလျှောက်လို့ဖြစ်စေ၊ ရွာကိုသွားတဲ့ နွားလှည်းကြုံ လိုက်လို့ဖြစ်စေ သွားခဲ့ရသည်။ တခါတရံ နွားလှည်းကြုံ မတွေ့တဲ့အခါ တာလမ်းဘေး တလျှောက်က သစ်ပင်ရိပ်တွေမှာ နားလိုက်၊ လမ်းလျှောက်သွားလိုက်နဲ့ ရွာကိုသွားခဲ့ကြသည်။ အခုတော့ အရိပ်ကောင်းတဲ့ သစ်ပင်တန်းတွေကို တာလမ်းတလျှောက် လုံးဝမတွေ့ရတော့ပါဘူး။ နာဂစ်တုန်းက ပြိုလဲခဲ့သလား။ ဒါမှမဟုတ် တာလမ်းတလျှောက် လမ်းလျှောက်သွားမယ့်သူ မရှိကြတော့လို့များ ခဏတဖြုတ် နားနေစရာ သစ်ပင်ရိပ်တွေ မလိုတော့ဘူးဆိုပြီး လူတွေကပဲ ခုတ်လှဲခဲ့ကြပြီလား မသိပါ။ အရိပ်မဲ့တဲ့ တာလမ်းတလျှောက်မှာ တံလျပ်တွေကို မြင်နေရသလိုပါပဲ။ အတွေးကောင်း နေတုန်းမှာပဲ ဆိုင်ကယ်က ရွာထဲကို ရောက်နေပါပြီ။ ရွာအစွန် အပြင်ဘက် လယ်ကွင်းတွေဆီကို အနည်းငယ် သွားလိုက်တဲ့အခါ သူငယ်ချင်းဖြစ်သူရဲ့ နေအိမ်ကို ရောက်ခဲ့ပါတော့သည်။

ဟိုအရင်က ရွာကိုရောက်ဖို့ လမ်းလျှောက်လာရရင် တစ်နာရီသာသာ ကြာတတ်ပါသည်။ အခုတော့ ၁၅မိနစ်ကျော်လောက်နဲ့ သူငယ်ချင်းဆီ ရောက်ခဲ့ပြီပေါ့။ မတွေ့တာ ကြာလှပြီဖြစ်တာကြောင့် သူငယ်ချင်းက ဝမ်းသာအားရ ကြိုဆိုရင်း လာမလည်တဲ့အတွက် အပြစ်တွေတင်နေသည်။ သူငယ်ချင်းဖြစ်သူကို ဘာမှပြန်မပြောနိုင်သေးဘဲ သူ့နေအိမ်ကို ကြည့်ပြီး အံ့သြသွားခဲ့ရသည်။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကာလက သူငယ်ချင်းရဲ့ တဲအိမ်ငယ်ကလေးသည် အခုခါမှာတော့ အောက်ထပ်ကို အုတ်စီထားကာ အပေါ်ထပ်ကိုတော့ ပျဉ်ကားထားပြီး သွပ်မိုးတွေ မိုးထားတဲ့ တိုက်ခံအိမ်တစ်လုံး ဖြစ်နေပါတော့သည်။ အဆင်ပြေနေပုံရတဲ့ သူငယ်ချင်းအတွက် ဝမ်းသာမိပါသည်။ တဲအိမ် မဟုတ်တော့တဲ့ တိုက်ခံအိမ်အရှေ့မှာတော့ ဆိုင်ကယ်တစ်စီး၊ ထော်လာဂျီ (ဂွန်ဒေါင်းဟုလည်းခေါ်ကြသည်) တစ်စီး၊ စက်ဘီးတစ်စီးနဲ့ လယ်ထွန်စက် အလတ်စားတစ်စီးကိုလည်း တွေ့ရပြန်သည်။ သူ့အိမ်ပေါ်ကို ခေါ်သွားပြီး သစ်သားဆက်တီခုံမှာ နားနေဖို့ပြောရင်း သူငယ်ချင်းက သူ့ဇနီးသည်ကို ကော်ဖီမစ်ဖျော်လာဖို့ လှမ်းအော်လိုက်သည်။

ဟိုတုန်းကဆိုရင်တော့ သင်ဖျူးဖျာလေး တစ်ချပ်ခင်းပေးပြီး ထိုင်ခိုင်းကာ သူမွေးထားတဲ့ နွားမကြီးဆီသွားလို့ နွားနို့ညစ်၊ ပြီးရင် သူ့ဇနီးသည်ကို ကျိုခိုင်းပြီး နွားနို့စစ်စစ်နဲ့ ဧည့်ခံတတ်တဲ့ သူငယ်ချင်းပါ။ အခုတော့ နွားတွေ အကုန်ရောင်းပြီး ဂွန်ဒေါင်းလို စက်ပစ္စည်းတွေနဲ့ အဆင်ပြေနေပြီ ဆိုတော့လည်း ကော်ဖီမစ် ဆောင်ထားတော့မှာပေါ့ဟု တွေးလိုက်မိသည်။ နွားနို့စစ်စစ်ကို ပူပူလေး သောက်ခဲ့ရတဲ့ အရသာကိုတော့ ပြန်တမ်းတမိတာ အမှန်ပါပဲ။ သူငယ်ချင်းနဲ့ ရှေးဟောင်းနှောင်းဖြစ် ပြောရင်းက ဟိုဟိုဒီဒီ အကဲခတ်ကြည့်မိတော့ ဒီဗီဒီ၊ တီဗီနဲ့ စလောင်းစက်တွေပါ အပြည့်အစုံ တွေ့ရပြန်ပါရော။ အတော်ကြီးကို ပြောင်းလဲသွားတာပါပဲလားလို့ စိတ်ထဲက တွေးမိသည်။ သူငယ်ချင်း ပြောစကားအရတော့ ညဘက်ဆို ကာရာအိုကေဆို၊ စလောင်းကြည့်၊ တီဗီကြည့်၊ အခွေကြည့်နဲ့ တော်တော်နဲ့ မအိပ်ဖြစ်ဘူးဆိုပဲ။ မနက် အိပ်ရာထတဲ့အခါတော့ ဟိုအရင်လို အစောကြီး မထတော့ဘူးပေါ့လို့ ဆက်ပြောပြန်သည်။ မနက်စောစော ကြက်တွန်သံကို ခံစားစရာ မလိုတော့ဘူးပေါ့လို့ ပြောလိုက်မိတော့ သူငယ်ချင်းက ရယ်ပါသည်။ မတွေ့ကြတာ ကြာပြီဆိုတော့ စကားကောင်းနေရင်းက အချိန်ကုန်မှန်းမသိ ကုန်သွားသလိုပါပဲ။ ညနေစာ စီစဉ်ထားတယ်။ ထမင်းစားပြီးမှ ပြန်ရမယ်လို့ သူငယ်ချင်းက ပြောသည်။

ခဏနေတော့ ထမင်းပွဲပြင်ပြီးလို့ စားကြရအောင်ဟုဆိုကာ သူငယ်ချင်းနှစ်ယောက် ထမင်းစားကြသည်။ ရုတ်တရက် ရောက်လာတာမို့ အိမ်မှာ အဆင့်သင့် ချက်ထားတာမရှိလို့ ဒီဟင်းဘဲ စီစဉ်လိုက်ရတာလို့ သူငယ်ချင်းက ပြောပါသည်။ ထမင်းဝိုင်းမှာ စီစဉ်ထားတဲ့ ဟင်းက ငါးသေတ္တာပါ။ ငါးသေတ္တာ ဟင်းခွက်ကိုကြည့်ရင်း မိုးရာသီ ကာလတစ်ခုမှာ သူငယ်ချင်းဆီကို လာလည်ဖူးတာကို သတိရပြန်သည်။ အဲဒီအချိန်တုန်းက ဟင်းမရှိလို့ဆိုကာ တဲအိမ်ရှေ့ ရေကန်ထဲမှာ ကွန်ပစ်ပြီး သူငယ်ချင်းက ငါးဖမ်းသည်။ ကန်ထဲမှာ ဟင်းလျာအတွက် ငါးကြင်း၊ ကကတစ် စသဖြင့် မွေးထားတတ်ကြသည်။ လတ်လတ်ဆတ်ဆတ် ဖမ်းလို့ရတဲ့ ငါးတွေကို ကြွပ်ကြွပ်ကြော်ပြီး ငါးပိရည် တို့စရာနဲ့ စားခဲ့ရတာကို လွမ်းမိသလိုပါပဲ။ သံဗူးထဲက ငါးဟင်းအနံ့နဲ့ လတ်ဆတ်တဲ့ ငါးကြော်အနံ့ မတူတာကတော့ အမှန်ပါ။ တိုးတက်ပြောင်းလဲသွားသည့် သူငယ်ချင်းရဲ့ ရွာလေးမှာ လူနေမှု အဆင့်အတန်းတွေ မြင့်လာတာကို တွေ့ရခြင်းကြောင့် ကြည်နူးရပါသည်။ သို့သော် ပြောင်းလဲသွားခြင်းတွေနဲ့အတူ တောရွာမှာသာ ခံစားနိုင်တဲ့ ဓလေ့စရိုက် အငွေ့အသက်နဲ့ အတွေ့အကြုံတွေပါ ပျောက်ဆုံးမသွားစေလိုပါ။ သူငယ်ချင်းနေတဲ့ ရွာလေးကနေ အပြန်မှာတော့ တစ်စုံတစ်ရာကို နှမြောတသ နေမိပါတော့သည်။

    Read More   

Comments

အချစ်မဲ့ဂစ်တာ on 3 November, 2008 at 6:09 pm #

ရွာတွေက နွားနို့စစ်စစ်တွေကိုကြိုက်သဗျ..။ လာဖတ်သွားတယ်နော်.. အဲဒီရွာလေးကို တကယ်ရောက်သွားသလိုပါပဲ…။


ဖန်အိမ်ဖ on 5 November, 2009 at 4:20 pm #

စားချင်တယ် ငါးသေတ္တာ။


Post a Comment
Name:
Email:
Website:
Comments: